Monday, September 7, 2015

"သူတောင်းစားဆရာ"

"သူတောင်းစားဆရာ"
ဒီနေ့ ၁၂ နာရီလောက်က ဧည့်သည်များကို ပျဉ်းမနား ရာဇာဌာနေလမ်းပေါ်က ထွန်းစားသောက်ဆိုင် လိုက်ပို့ဖြစ်တယိ။ ဧည့်သည်များဆင်းသွားပြီး ကားပါကင်ထိုးနေတုန်း ကလေးသုံးဦးရောက်လာပြီး ပိုက်ဆံတောင်းတယ်၊ ထုံးစံအတိုင်း ထမင်းဖိုးလေးပေးပါ ဘာညာကြောင်အော်သလို မနားတမ်းပြောတောင်းနေကြတယ်။
သူတို့ကြည့်ရာတာနေကပူပူမှာ ကလေးမလေးက ကလေးပိစိလေးချီလို့ ကတုံးလေးပါဆို ဦးထုပ်ကမပါဘူး၊ ကလေးက အိပ်ချင်နေပုံရတယ် နေပူပူမှာနေရတော့ ငိုနေရရှာတယ်။
ကျွန်တောကားပေါ်က ဆင်းပြီး ဆိုင်ရှေ့သစ်ပင်အောက်ဝင်၊ သူတို့သုံးယောက်ကိုလဲ အရိပ်ထဲလာဖို့ ငွေတစ်ထောင်တန်ထုတ်ပြပြီး ခေါ်လိုက်တော့ ပြေးလာကြတယ်။ ကားပေါ်က ရေသန့်သုံးဗူးထုတ် တစ်ဗူးစီပေးလိုက်တော့ ချက်ချင်းဖောက်သောက်ကြတယ်၊ ပိုက်ဆံလဲ ခွဲဝေယူကြဆိုပြီးပေးလိုက်တယ်ဗျ။
နောက်ပြီးသူတို့သုံးယောက်ကို နည်းနည်းဗျူးကြည့်မိတယ်၊ သူတို့သုံးယောက်က မောင်နှစ်မတွေ၊ မွေးချင်းလေးယောက်၊
ကလေးက အစ်မအကြီးဆုံးကလေးဆိုတော့ သူတို့တူလေးပေါ့၊ တစ်ယောက်မှ ကျောင်းမနေဘူးကြဖူး၊ အသက်မေးတော့လည်း မသိကြ၊ မိဘနှစ်ပါးတို့ ဆုံးပါးသွားကြပြီ၊ အစ်မအကြီးဆုံးဆီမှာနေတယ်၊ အစ်မကလည်း ကလေးသုံးယောက်နဲ့ တစ်ဗိုက်ရှိ၊ ယောင်္ကျားက ပျံကျအလုပ်သမား အခုအိမ်ကအလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာဟုသိရတယ်၊ အဲဒီတော့ အစ်မကို ဒီမောင်နှစ်မသုံးယောက်က တောင်းကျွေးနေရတယ်။ နေတာက ပျဉ်းမနား ဝက်ကုန်းထဲက ခြံတစ်ခုမှာ အစောင့်သဘောနေကြရတာပြောတယ်။
ကျွန်တော်လည်း ကလေးတွေသနားတာနဲ့ စာသင်ချင်လားမေးတော့ သင်ချင်ကြတယ်၊ ဖုန်းလေးထုတ်ပြီး ဓမ္မစကူးလ်ကလေးတွေ ပြတော့ သူတို့တအား သဘောကျနေကြလေရဲ့၊ သူတို့ အဲဒီလိုကျောင်းတက်ချင်လျင် မိဘမဲ့ဘုန်းကြီးကျောင်းတစ်ခုကို ပို့ပေးမယ်၊ သွားနေကြမလားလို့မေးလိုက်တယ်၊
နေတော့နေချင်တယ် အစ်မကိုထားခဲ့လို့မဖြစ်ပါဘူးတဲ့၊ လုပ်ကျွေးဖို့သူတို့ပဲ ရှိတာလို့ပြောကြတယ်ဗျ၊ မတတ်သာလို့တောင်းနေရပေမယ့် အခြေခံအသိစိတ်လေးတွေရှိတာ သတိထားမိတယ်။ သူတို့ထဲက ကလေးမလေးဆို ၁၃ နှစ်အရွယ်လောက်ဖြစ်နေပြီ၊ ဓာတ်ပုံရိုက်တာကို ရှက်လို့မျက်နှာဝှက်ထားတယ်၊ ကလေးကိုလည်း မြင်မှာစိုးလို့ ကွယ်ထားတယ်၊ ရှက်ရကြောက်ရမှန်းသိနေတယ်။
သူတို့ခမြာ အသိလေးတွေရှိနေပေမယ့် ကျောင်းမတက်ရရှာဘူး၊ ဘာကိုးကွယ်လည်းမေးတော့ဗုဒ္ဓဘာသာတဲ့ အိမ်မှာဘုရားစင်ရှိတယ်လို့ပြောတယ်၊ ဒါနဲ့ နောက်တစ်မျိုးစည်းရုံးကြည့်မိတယ်။ သားတို့ သမီးတို့ တောင်းတာ တစ်ရက်ဘယ်လောက်ရလဲဆိုတော့ သုံးယောက်ပေါင်း သုံးထောင်လောက်ရတယ်တဲ့၊ ဒီလောက်ကားတွေအများကြီးလာနေတာ နည်းလိုက်တာ ကွာဆိုတော့ တောင်းတိုင်းမပေးကြဘူးတဲ့၊ ဒါဆိုတောင်းတိုင်းရချင်သလားလို့ မေးတော့ရချင်တယ်တဲ့ နည်းပေးမယ်ဆိုပြီး မနက်တောင်းဖို့ ဆိုင်ရှေ့ရောက်တာနဲ့ မေတ္တာပို့ပေးလို့၊ မေတ္တာပို့တယ်ဆိုတာ လာသမျှကားတွေပေါ်ကလူတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းကြပါစေလို့ အာရုံပြုပြီးရွတ်၊ ပြီးလျင် ကားရပ်တာနဲ့ လက်အုပ်ချီပြီး မင်္ဂလာပါလို့ အရင်ပြောကွ၊ ပြီးတော့မှတောင်း၊ ဟိုက ပိုက်ဆံပေးတာနဲ့ တစ်ခါ ဦးတန်ဦး အဒေါ်တန် အဒေါ်ခေါ်ပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ သူဌေးကြီးဖြစ်ပါစေ၊ ရာထူးတွေတိုးပါစေ စသဖြင့် မေတ္တာပို့ပေးကွ၊ ဒါဆို သားတို့ သမီးတို့ တောင်းတိုင်းရလိမ့်မယ်လို့ သင်ပေးလိုက်တယ်၊ နမူနာလုပ်ပြခိုင်းပြီးအဲတိုင်းလုပ်ကြဆိုတော့ ယုံသလို မယုံသလိုနဲ့ဗျ။
ဒါနဲ့ ဖုန်းထဲကပါတဲ့ ဓမ္မစကူးလ်ကလေးတွေ စုပေါင်းဘုရားရှိခိုးနေတာ၊ အာဟာရကျွေးနေတာ၊ ကျွန်တော်လက်အုပ်ချီနှုတ်ဆက်နေတာ ကလေးတွေ ဆရာမတွေ လက်အုပ်ချီထားတဲ့ပုံတွေပြပြီး တွေ့လား ကလေးတွေအများကြီးပဲ၊ ဦးဦးတို့က သူတို့ကို စာသင်ပေးတယ်၊ ဝတ်စုံတွေပေးတယ်၊ မုန့်တွေကျွေးတယ် စာအုပ်တွေပေးတယ်၊ ဒါတွေအားလုံး အလကားပေးတာကွ၊ အားလုံးအခမဲ့ပဲဆိုတော့၊ ဦးဦးက သူဌေးလားတဲ့၊ ငါကသူဌေးမဟုတ်ဘူးကွ၊ အဲလိုကျွေးနိုင် ပေးနိုင်ဖို့ လှူတဲ့သူတွေရှိတယ်၊ ဘုန်းကြီးကျောင်းလာတဲ့ သူတွေပေါ့ကွာ၊ သူတို့ကို လှူအောင် ငါလည်းလာတဲ့သူတွေကို လက်အုပ်ချီပြီး မင်္ဂလာပါလို့နှုတ်ဆက်တယ်ကွာ၊ ပြီးရင် ကျန်းမာပါစေ၊ ချမ်းသာပါစေလို့လည်း မေတ္တာပို့ပေးတယ်၊ အဲဒီတော့သူတို့က ပိုက်ဆံတွေအများကြီး လှူသွားကြတယ်ကွာလို့ ပြောလိုက်တော့ သူတို့မျက်လုံးလေးတွေ တောက်လာတယ်၊ စမ်းလုပ်ကြည့်ကြတယ်။
အဲဒီအချိန်ပဲ ကားတစ်စီးဝင်လာတော့ ကဲသွားကြ ငါပြောတဲ့အတိုင်း စမ်းလုပ်ကြည့်ကြချေဆိုတော့ ပြေးသွားကြလေရဲ့၊ နောက်ပြီး ပြုံးရွှင်စွာ ပြန်လာကြတယ်။ တစ်ယောက်တစ်ရာစီ ရခဲ့ကြတယ်တဲ့။ တစ်ယောက်ထဲကနေ အားလုံးကို အဲလိုပေးတာရှားတယ်တဲ့ နီးရာလူ တစ်ယောက်ကိုပေးပြီး ထပ်မပေးကြတာများတယ်လို့ ဝါရင့်တောင်းရမ်းသူ ကလေးတို့က ဆိုသဗျ။
အဲဒီအချိန်ပဲ ကျွန်တော့်ဧည့်သည်တွေ ပြန်ထွက်လာလို့ ကလေးတွေကို မျက်စပစ်ပြပြီး မင်္ဂလာပါ နည်းနဲ့တောင်းခိုင်းလိုက်တယ် ၂၀၀ ရာတန် နှစ်ရွက် ချောချောမောမောရလာပြန်တယ်။ ကျွန်တော်လည်း ဧည့်သည်အတွက် ကားကိုဆိုင်ရှေ့ထိုးလိုက်တော့ ကောင်လေးနှစ်ယောက်က ပြုံးပြီး ကျွန်တော်ကို လက်အုပ်ချီ မင်္ဂလာပါ နှုတ်ဆက်ကြလေရဲ့ဗျာ။
ကျွန်တော်လည်း ပြုံးရွှင်စွာ လက်မထောင်ပြပြီး တွေ့ပြီမို့လား၊ လက်တွေ့ယုံပြီလားကွ၊ နောက်ဆို မင်္ဂလာပါ နှုတ်ဆက်ကြ၊ ပြီးရင်မေတ္တာပို့ ဒီနေ့ကစပြီး ငွေတွေအများကြီးရလိမ့်မယ်၊ အခုလဲ ငါ့ကိုနှုတ်ဆက်တော့ ဂုဏ်ပြုပြီး ထပ်ပေးမယ်ဆိုပြီး နောက်ထပ်တစ်ထောင်ထုတ်ပေးခဲ့တယ်။ သားသားတို့ တွက်ခြေကိုက်သွားကြပြီမို့လား ငါ့တောင်ခွဲတမ်းပေးသင့်တယ်ဆိုတော့ နှစ်ရာတန်နှစ်ရွက်ထုတ်ပြီး ပြေးလာပေးသေးတယ်၊ နောက်တာပါ မယူပါဘူး၊ နောက်ဆို နည်းလမ်းကောင်းကို သုံးပေတော့လို့ ပြောပြီး ပြန်ထွက်လာခဲ့ပါတယ်။
ကျွန်တော် နိုင်ဝင်းအောင် လည်း ယနေ့အဖို့
ငွေနှစ်ထောင်နှင့် ရေသန့်သုံးဗူးသုံးကာ သူတောင်းစား၏ ဆရာအဖြစ်ခံယူခဲ့ပါတယ်။ smile emoticon smile emoticon smile emoticon
နေပြည်တော်က စွမ်းနိုင်သူများ ထွန်းစားသောက်ဆိုင်ရှေ့ရောက်လျင် ထိုကလေးသုံးဦးကို မိဘမဲ့ပရဟိတကျောင်းဖြစ်စေ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းဖြစ်စေ ပို့ဆောင်ပေးကြပါရန် တိုက်တွန်းလိုပါတယ်။
စိတ်ပူရဆုံးက ကလေးမလေးပါ၊ အသက်၁၃နှစ်ခန့်ရှိပြီမို့ အပျိုပေါက်ဖြစ်နေပါပြီ။ မသူတော်နှင့်တွေ့လျင် ဘဝပျက်သွားနိုင်ပါတယ်။ လူကုန်ကူးသူများလက်ထဲရောက်သွားလျင် ဘယ်နိုင်ငံရောက်ပြီး ဘယ်လောက်ဆိုးရွားတဲ့ဒုက္ခများခံရနိုင်လဲ၊ တွေးမိလျင် ရင်ထဲမချိပါ။
စွမ်းနိုင်သူများ ကူညီကြပါလို့ မေတ္တာရပ်ခံပါရစေ။

No comments:

Post a Comment